Pages

Wednesday, November 24, 2010

Yangon Airways ခေတ္တ ရပ်နားမည်

ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော Yangon Airways သည် လေယာဉ်ပျံသန်းခွင့် မရသဖြင့် လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ၎င်း၏ ခရီးစဉ်များကို ရပ်နားထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

yangon-airway-mm
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရသော Yangon Airways လေယာဉ်တစီး (ဓာတ်ပုံ - Yangon Airways)
လေယာဉ်ပျံသန်းပြေးဆွဲခွင့်လက်မှတ် (Aircraft Operator Certificate)ကို နေပြည်တော် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပုံမှန် ထုတ်ပေးနေကျဖြစ်ပြီး ယခုနှစ်တွင် ထုတ်ပေးခြင်းမရှိတော့သဖြင့် လေယာဉ်ခရီးစဉ်များကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရပ်နားမည့်အကြောင်းကိုလည်း Yangon Airways လေယာဉ်လက်မှတ် အရောင်းဌာနများကို ယနေ့ အစည်းအဝေးတရပ် ပြုလုပ်ပြီး ပြောဆိုကြောင်း ခရီးသွားအေဂျင်စီတခုက ပြောသည်။

Yangon Airways မှ ထုတ်ပြန်ချက်တွင်လည်း ဒီဇင်ဘာလ ၃ ရက်နေ့ မှ စတင်၍ ယာယီ ရပ်နား ထားမည် ဖြစ်၍ ကြိုတင် လက်မှတ် ဝယ်ယူထားသူများအတွက် တခြားလေကြောင်းလိုင်းဖြင့် ခရီးသွားနိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ မမျှော်လင့် ဘဲ ဖြစ်ပေါ်လာသည့် အခက်အခဲကြောင့် ခရီးသွားများကို အထူးပင် တောင်းပန်ကြောင်း ပါရှိသည်။ သို့သော် ခရီးစဉ် ပြန် လည် ပြေးဆွဲမည့်ရက်ကို ဖော်ပြထားခြင်း မရှိချေ။

ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီတခုမှ အမည်မဖော်လိုသူဝန်ထမ်းတဦးက Yangon Airways လေကြောင်းလိုင်းကိုဦးတေဇ ပိုင် Air Bagan လေကြောင်းလိုင်းမှ အပြိုင်အဆိုင် လုပ်ကိုင်နေသဖြင့် အရှုံးပေါ်ကာ ယခုကဲ့သို့ ခရီးစဉ်များကို ရပ်နားလိုက် ခြင်းဖြစ်သည်ဟု လည်းကောင်း၊ ယင်းကဲ့သို့ ရပ်နားလိုက်သည့်အတွက် လေယာဉ်လက်မှတ်များ ကြိုတင်ရောင်းချ ထား သည့် ကိစ္စတွင် ခရီးသွား အေဂျင်စီများ အနေဖြင့် အခက်အခဲကြုံကြရသည်ဟု လည်းကောင်း ပြောဆိုသည်။

ခရီးစဉ်များ ရပ်နားသည့် ကိစ္စနှင့်ပတ်သက်၍ Yangon Airways ရုံးချုပ်သို့ ဆက်သွယ်စုံစမ်းရာ ဖြေဆိုရန် ငြင်းဆန်သည်။ အတည်မပြုနိုင်သည့် သတင်းများအရ အဆိုပါ လေကြောင်းလိုင်းသည် ယာယီရပ်နားခြင်း မဟုတ်ဘဲ ဒေဝါလီခံသည်ဟု လည်း သိရှိရသည်။

Yangon Airways ကို ၁၉၉၆ အောက်တိုဘာလ က နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် ထိုင်း Krong-Sombat Co. တို့ ဖက်စပ် စတင် တည်ထောင်ခဲ့ကာ ၁၉၉၇ ခု အောက်တိုဘာ တွင် မေဖလားဝါး ကုမ္ပဏီ အုပ်စုလည်း ပါဝင်ခဲ့ကြောင်း Yangon Airways အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

မေဖလားဝါး ကုမ္ပဏီအုပ်စုကို ၁၉၉၁ ခုနှစ်တွင် တရုတ်လူမျိုး တဦးဖြစ်သူ ဦးကျော်ဝင်း က ၁၉၈၀ နောက်ပိုင်း ကာလများ၌ ဘိန်းဘုရင် ခွန်ဆာ ၏ မော်ထိုင်းတပ်မတော် (MTA) ထိန်းချုပ်သော ဒေသများတွင် သစ်လုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်း သစ်လုပ်ငန်း ကုမ္ပဏီ တခုနှင့် ပူးပေါင်းပြီး တည်ထောင်ခဲ့သည်။ ဦးကျော်ဝင်းသည် Yangon Airways ၏ အစု ရှယ်ယာဝင် တဦးဖြစ်သည်။

၎င်းလေကြောင်းလိုင်း ပိုင်ဆိုင်မှုတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဘိန်းဘုရင် လော်စစ်ဟန် ၏ သား Asia World ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ကဲ့သို့သော စီးပွားရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ Yangon Airways သည် စီးပွားရေး အားပြိုင်မှုများ ရှိနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြောဆိုမှု များလည်း ရှိနေသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အမေရိကန်အစိုးရမှ ထုတ်ပြန်သည့် စစ်အစိုးရနှင့် နီးစပ်သည့် နာမည်ပျက် စီးပွားရေး လုပ်ငန်းရှင်များ စာရင်း၌ Yangon Airways လေကြောင်းလိုင်းလည်း ပါရှိသည်။
Ref:www.irrawaddy.org/bur

0 comments:

... ကြိုဆိုပါတယ်

ခုလိုကျနော့်ဘလောဘ့်ကိုမငြီးမငြူ
ဝင်ရောက်အောင့်အီးပြီးမျှဝေခံစားပေးတဲ့
ချစ်ဘော်ဒါတွေကိုကျေးဇူးတင်ပါတယ်